ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပွင့်ဖြူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းမြေသားအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ  ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့်  ကျေးရွာတွင်းလမ်း အရှည်ပေ ၅၀၀ အား ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော်‌ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ကာ ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ စက်တင်ဘာလ (၆)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ(၂၅)ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင်  Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ် ၊ လူဦးရေ ၃၉၂၀ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကျေးရွာနေပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားပေးသည့်အစီအစဉ်ဖြစ်၍ လုပ်အားခ ဝင်ငွေရရှိခြင်း၊ ကျေးရွာအတွက် လိုအပ်သော အခြေခံအဆောက်အဦကိုလည်း ဖြည့်ဆည်းပေးနိုင်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ပြုပေးနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြားသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )