ကန့်ဘလူ အောက်တိုဘာ ၁၁
ကိုယ်ဝန်ဆောင်မိခင်များအား ကလေးမွေးဖွားရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အောက်တိုဘာ ၁၁ ရက်နံနက် ၉ နာရီခန့်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ ဗိုက်စမ်းသပ်စစ်ဆေးခြင်း၊ ကလေးမွေးဖွားရာတွင် လွယ်ကူစေရန် ကလေးအနေအထားမှန်ကန်စေရန် ဆောင်ရွက်ပေးခြင်း၊ မိခင်တွင် HIV နှင့်အခြားရောဂါများရှိပါက သန္ဓေသားအား ကူးစက်ခြင်းမရှိစေရန် ဆေးကျွေးကုသပေးခြင်း၊ ဆီးချို၊ ငှက်ဖျား၊ ကာလသားရောဂါ ရှိ/ မရှိ သွေးဖောက်စစ်ဆေးခြင်းနှင့် ထုံနာကျင်နာပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ကိုယ်ဝန်ဆောင်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)