မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်း အတတ်ပညာ သင်တန်းဖွင့်လှစ်

မင်းဘူး  အောက်တိုဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူပေါင်းတင်ဆက်တဲ့ ရှေးဦးပြုစုခြင်း အတတ်ပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားရာတွင် ‌‌ရှေးဦးပြုစုခြင်း သင်တန်းအား ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းပိတ်သည့် အားလပ်ရက် အချိန်ကာလများတွင် ပရဟိတလုပ်ငန်းများကို အကျိုးရှိရှိ လုပ်ကိုင်နိုင်ရေးအတွက် ရှေးဦးပြုစုခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ရာ မိမိတို့ဘက်မှ စိတ်ပါဝင်စားစွာ သင်ယူကြပြီး တတ်စွမ်းသမျှ ပြန်လည်ကူညီ လုပ်ဆောင်ပေးစေလိုကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် မင်းဘူး(စကု)မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတင်ညွှန့်က ကျောင်းသား၊ ကျောင်းသူလေးများအား သင်တန်းတက်ရောက်ခြင်း အကျိုးကျေးဇူး၊ လိုက်နာရမည့်ကျင့်ဝတ်နှင့် စည်းကမ်းချက်များ၊ သင်တန်းတက်ရောက်ချိန်တွင် စည်းကမ်းတကျ ရှိစေရေးတို့အတွက် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကာလကို အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ၃ ရက်တိုင် သင်ကြားပြသပေးသွားမှာဖြစ်ပြီ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက် သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)