ဝေါ အောက်တိုဘာ ၁၁
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်၊ ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်ကြီးတွင် ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး မိုးယွန်းကြီးအင်းဘေးမဲ့တောနှင့် ဝင်္ဂဘော်ဆင်စခန်း အပန်းဖြေနေရာများ၌လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ပဲခူးနယ်မြို့၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်ကြီး အပါအဝင် မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီဖူးမြော် ကြည်ညိုကုသိုလ်ယူကြသည်။
အလားတူ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း ဘေးမဲ့တော့အပန်းဖြေစခန်းတွင် အပန်းဖြေ ခရီးသွားရောက်သူများဖြင့် ငှက်ကြည့်ခြင်း၊ အင်းအတွင်း စက်လှေစီးခြင်း၊ သဘာဝရှုခင်းနှင့် ရေပျော်ငှက်များအား ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ယူခြင်း၊ ပုဒုမ္မာကြာ၊ ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းဆီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပညာပေးပြခန်းတို့တွင် အပန်းဖြေလေ့လာသူများဖြင့် စည်ကားလျက်ရှိပြီး ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံမှ(၄)မိုင်၊ အမြန်လမ်းမကြီးမှ တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသော ဝင်္ဂဘောဆင်စခန်းတွင်လည်း ဆင်များအား ကိုယ်တိုင်ရေချ(ရေချိုး)ပေးခြင်း၊ ဆင်များ၏ သရုပ်ပြမှုကိုကြည့်ရှုခြင်း၊ ဆင်စီးခြင်းနှင့် ဆင်စာကျွေးခြင်းတို့ဖြင့် အများပြည်သူ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)