နတ်မောက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆) နာရီအချိန် တိုင်းထွာချက်အရ (၁ ဒဿမ ၀၀) ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာ (၁၁) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃ ဒဿမ ၀)ပေ၊ လက်ရှိရေအမှတ် ( ၆၈၄ ဒဿမ ၀) ပေရှိ၍ (၁ ဒဿမ ၀၀) ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး နတ်မောက်ရေလှောင်တမံရေပိုလွဲမှ တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင် စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်းရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဦးထိန်လင်းထံက သိရသည်။
မူမူစန်း (ပြန်/ ဆက်)