မြို့သစ်တွင်မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီပုတိုးနှင့် တန်ခိုးကြီးဘုရားများရှိကာ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ဦးလမ်းနှင့် မြို့ပတ်လမ်းလမ်းဘေးဝဲယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်စည်ပင်သာယာရေး ကော်မတီမှအမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့သစ်မြို့နယ်အတွင်း၊  ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက် သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ချုံနွယ်ပင်များရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပြီး၊ မိုးရာသီဖြစ်သည့်အတွက် (၅)ရက်တစ်ကြိမ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ ဆက်)