သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ သံဃာတော်ရှင်သူမြတ်များဆွမ်းဆန်စိမ်းများ လောင်းလှူ

ခမောက်ကြီး အောက်တိုဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဝါတွင်းကာလမှ ထွက်မြောက်ကြကုန်သော သံဃာတော်အရှင်သူမြတ်များ၊ရှင်သာမဏေများနှင့် သီလရှင်များအား  ဆွမ်းဆန်စိမ်းများလောင်းလှူခြင်းကို ယနေ့သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ နေ့လယ် ပိုင်းက ခမောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် မြခွာညိုလမ်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကြွရောက်လာကြသော တရားနာပရိသတ်တို့က သံဃာတော်ရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် လှူ ဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ခဲ့ကြသည်။

ယင်းနောက် ခမောက်ကြီးမြို့ မြို့ပေါ်ရပ်ကွက်နှင့် အနီးတဝိုက်ရှိဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလ ရှင် အပါး(၆၀)ကျော်အား စေတနာရှင်မိသားစု အပေါင်းတို့က လှူဖွယ်ပစ္စည်းအစုစုတို့ဖြင့် ဆွမ်းဆန်စိမ်းများ စီတန်းလောင်းလှူ၍  ကုသိုလ် ပြုခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)