ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၃၂)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်းရွတ်ဖတ်ပူဇော်

ဘားအံ အောက်တိုဘာ ၁၀

ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူပုံကို အာရုံပြု၍ (၃၂)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။

အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဓမ္မဝါသီကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော ဆရာတော်ကြီးများအပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊  ဂေါပက အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့က နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဓမ္မဝါသီကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ် တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကြွရောက်ချီးမြှင့်တော်မူကြ သည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူ‌ဇော်ပွဲဖြစ်မြောက်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းကာ အဘိဓမ္မာ(၇)ကျမ်းစတင်ရွတ်ဖတ်မည့်ဆရာတော်မှ ဓမ္မာသဏပလ္လင်တွင် နေရာယူ၍ ပူဇော်ခြင်းအတွက် ဘုရားပင့်ခြင်း၊ အဘိဓမ္မာ(၇)ကျမ်းအမွှန်း ရွတ်ဖတ်ပူဇော်ခြင်း၊ သမ္မာဒေဝနတ်များအား ပင့်ဖတ်ခြင်းတို့ကို ဆောင်ရွက်တော်မူကြပြီး အလှည့်ကျသံဃာတော်အရှင်သူမြတ်တစ်ပါးမှ  အဘိဓမ္မာ(၇)ကျမ်းအား စတင် ရွတ်ဖတ်ပူဇော်သည်။

အလားတူ သီတင်းကျွတ်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ပြိုင်ပွဲအားဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အား ဂေါက်သီးရိုက်ကစားသမား ၆၅   ဦးခန့် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။

အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို Handicap 19 to 24 နှင့် Handicap 0 to 18  ဟူ၍ အတန်း(၂)တန်းခွဲ၍ ကျင်းပခဲ့ပြီး  ညနေပိုင်းတွင် ဘားအံဂေါက်ကလပ်၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)