ပခုက္ကူ အောက်တိုဘာ ၁၀
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီးထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် ပခုက္ကူမြို့၊ ဒေသခံပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်များ၊ နေအိမ်များ၊ လမ်းမကြီးတို့တွင် ရောင်စုံမီးလုံးများနှင့် ဆီမီးများထွန်းညှိပူဇော်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ တည်ရှိရာမြို့လည်းဖြစ်သော ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ရောက်တိုင်း ဘုရား၊ ပုထိုး၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်းတို့ဖြင့် နှစ်စဉ်နှစ်တိုင်း အသီးသီးလာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။
ဘာမီသာ(ပခုက္ကူ)