ပခုက္ကူမြို့၌ မြန်မာ့ရိုးရာရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေး

ပခုက္ကူ  အောက်တိုဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များတိုးပွား လာစေရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းများအနေဖြင့် အခြေခံလက်ရက်ကန်း ၆ လသင်တန်းကို ဘာသာရပ် ၇ ခုဖြင့် တစ်နှစ်လျှင်နှစ်ကြိမ်၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်မှု ၁ နှစ်သင်တန်းကို ဘာသာရပ် ၉ ခုဖြင့် တစ်နှစ်လျှင် တစ်ကြိမ်စီဖြင့် ဖွင့်လှစ်ပြီး စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်းနှုန်း သင်ကြားပေးလျက်ရှိကြောင်း၊ ရက်ကန်း သင်တန်းများကို အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီး အိမ်ထောင်မရှိသူများ တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး လူဦးရေအကန့်အသတ်ဖြင့် သင်တန်းနှစ်ခုလုံးအတွက် တစ်ကြိမ်လျှင် သင်တန်းသား၊ သူ (၂၀) ဦးသာ လက်ခံသင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းမှာ နေထိုင်ခွင့်အဆောင်နှင့်အတူ သင်တန်းတက်ရောက်စဉ်ကာလအတွင်း နိုင်ငံတော်၏ထောက်ပံ့မှုအဖြစ် တစ်လကိုငွေကျပ် သုံးသောင်းရရှိသည့်အပြင် သင်တန်းတက်ရောက်ပြီးပါက လက်ရက်ကန်းစင်တစ်စုံစီ ထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင ့်အထည်စက်ရုံ၊ ပုဂ္ဂလိကပိုင်စက်ရုံတို့တွင် ဝင်ရောက် လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို သင်တန်းကျောင်းများမှတစ်ဆင့် ရက်ကန်းပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်အားကောင်းပြီး ပြည်ပဝင်ငွေ ပိုမိုရရှိရေး အတွက် အရည်အသွေးမြင့် ဒေသထုတ်ကုန်များထုတ်လုပ်ရာတွင် အထောက်အကူပြုဖြစ်စေမှာ ဖြစ်ကြောင်း၊ ပခုက္ကူဒေသမှထွက်ရှိသည့် ရက်ကန်းချည်ထည်များကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများ အသီးသီးကလည်း မှာယူကြသည်ကို တွေ့ရှိရပြီး ရက်ကန်းအထည်များကို ဝါမှထွက်ရှိသည့် လျော်များ၊ ကြာမှထွက်ရှိသည့်လျော်များ၊ နာနတ်ပင်မှထွက်ရှိသည့်လျော်များဖြင့် ထုတ်လုပ်နေကြကြောင်း၊ ရက်ကန်း ပညာ တတ်မြောက်ခြင်းဖြင့် တစ်ဦးတည်းပိုင် ကိုယ်ပိုင်ဖြစ်စေ၊ အများနှင့်ပေါင်းစပ် သည့်လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းတို့တွင် ဝင်ရောက်လိုသည်ဖြစ်စေ အကျိုးပြုသည့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု ဖြစ်ကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအုပ်ကြီး ဒေါ်သန္တာယုက ပြောပြ သည်။

ပခုက္ကူဒေသသည် ယဉ်ကျေးမှုထွန်းကားရာ ဒေသတစ်ခုဖြစ်ပြီး မြန်မာ့လက်မှု အနုပညာများ ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊  မိသားစု ထွက်ငွေလျော့ကျပြီး ဝင်ငွေတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စက်ရက်ကန်းပညာ၊ လက်ရက် ကန်းပညာ၊ ရွှေချည်ထိုးငွေချည်ထိုးပညာ၊ တိုင်းရင်းသားရိုးရာ အထည်များ ရက်လုပ်သည့် ဂျပ်ခုတ်နည်း ပညာ၊ ချည်ထည်ပိုထည်ဆိုင်ရာ ဆေးဆိုးနည်းပညာရပ်များ၊ အထည်ပန်းပုံရိုက်နည်း ပညာ စသည့် ပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)