စလင်း အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် မြင်တင်ရပ်ကွက်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းသင်တန်းကို ပညာရေးဌာနနှင့် စလင်းမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ရှေးဦးစွာ စလင်းမြို့နယ် ပညာရေးမှူးကိုယ်စား ကျောင်းအုပ် ဆရာကြီး ဦးအောင်မြင့်သန်းမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး စလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်မှ ကြက်ခြေနီသင်တန်းအား စလင်းမြို့နယ် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများအား သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် လူမှုရေးလုပ်ငန်းများနှင့် အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းသားလူငယ်များ မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ ဆုံးဖြတ်၍ လူမှုရေးနှင့်ပရဟိတလုပ်ငန်းများ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို အကျယ်တစ်ဝန်းရှင်းလင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ ဆရာဦးသူရမြင့်ဝေမှ ကြက်ခြေနီသင်တန်း တက်ရောက်သင်ကြားချိန် တွင် စည်းကမ်းတကျရှိစေရေးအတွက် သင်တန်းသား၊ သင်တန်းသူ ကျောင်းသား မောင်မယ် များအား ရှင်းလင်းပြောကြားခဲ့သည်။
စလင်းမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ကျောင်းသား ၁၂၀ ဦး၊ ကျောင်းသူ ၆၁ ဦး၊ စုစုပေါင်း ၁၈၁ ဦး တက်ရောက်ကြပြီး ရှေးဦးပြုစုခြင်းသင်တန်းအား နံနက် ၈ နာရီမှ ၁၂ နာရီ၊ နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ရှေးဦးပြုစုခြင်းသင်တန်းကို စာတွေ့လက်တွေ့သင်ကြား ပို့ချမည်ဖြစ်ရာ အောက်တိုဘာ ၁၀ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ သုံးရက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)