သီတင်းကျွတ်ကာလအခါသမယ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများကျင်းပ

ခမောက်ကြီး အောက်တိုဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အလေးမြတ်ပြုရာ လတစ်လဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် ပွဲတော်နေ့များတွင် စေတီဘုရား၊ ကျောင်းကန်များတွင် အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ကြခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများ ပြုလုပ်ကြသည်။

ဘုရားရှင်သည်  တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရား ဟောကြားတော်မူပြီး ဝါတွင်းသုံးလ ကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ ညတွင်  နတ်ဗြဟ္မာများ ဝန်းရံလျက် လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဘုရားရှင်အား ကြိုဆိုဦးခိုက် ပူဇော်သော အားဖြင့် သီတင်းကျွတ်လဆန်း (၁၄) ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် (၁) ရက်နေ့ (၃) ရက်တိုင် ဘုရား၊ စေတီများ၊ အိမ်များ၊ လမ်းများတွင် ဆီမီးများ၊ ရောင်စုံအလှ မီးသီး၊ မီးချောင်းဖြင့် မြို့ရွာရပ်ကွက်အလိုက် ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲများ၊ မီးပုံးလွတ်ခြင်းတို့ကို ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်။

ခမောက်ကြီး (ပြန်/ဆက်)