ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ

ပြည် အောက်တိုဘာ ၁၀

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ညနေ ၅နာရီတွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် မြတ်စွယ်တော်တိုက်၌ (၁၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြု‌သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်များတက်ရောက်သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို "နမောတဿ ဗုဒ္ဓပဏာမဂါထာတော်" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ရွှေဆံတော် ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီး(၉) ပါးတို့က မေတ္တာသုတ်အစရှိသော ပရိတ်တော်မြတ်များကို ရွတ်ဆိုသရဇ္ဈယ်တော်မူကြပြီး ဆရာတော်ကြီးများထံ အလှည့်ကျဂေါပက ဦးကြင်စိန်က အဘိဓမ္မာအခါတော်နေ့ကျင်းပရခြင်းအကြောင်းကို တင်ပြလျှောက်ထားသည်။

ယင်းနောက် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ဘုရားကြီးက အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများကို ဟောကြားတော်မူကာ လှူဒါန်းမှုနှင့်ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချတရားချီးမြှင့်တော်မူသည်။

ထို့နောက် အဘိဓမ္မာပြန့်ပွားရေးအသင်းဦးဆောင်သော ပြည်မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာဝတ်သင်းများက အဘိဓမ္မာ(၇)ကျမ်းအား ပါဠိတော်ဖြင့် ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)