ပြည် အောက်တိုဘာ ၁၀
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဘိဓမ္မာအခါတော်နေ့ ညနေပိုင်းတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ (၁၂) ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပလျက်ရှိပြီး စေတီတော်အောက်ပစ္စယံရှိ မုခ်ဦးစောင်းတန်းများ၊ ဓာတ်လှေခါးများ၊ ကားပါပင်နှင့် ဆိုင်ကယ်အပ်နှံရေးစခန်းတို့တွင် ယာဉ်ကြီး/ ယာဉ်ငယ်အသွယ်သွယ်တို့ဖြင့် ဘုရားဖူး လာသူများ အထူးစည်ကားများပြားလျက်ရှိကာ ဗိုလ်ချုပ်လမ်းမကြီးဘေး မြောက်စောင်းတန်းရှေ့ အနီးတစ်ဝိုက်တွင်လည်း ကောက်ညှင်းကျည်ထောက်၊ ရေမုန့်နှင့် လမ်းသရဲမုန့်များအပါအဝင် ဒေသထွက် ရိုးရာအစားအစာများ၊ သစ်သီး ဝလံပန်းမန်များနှင့် သီတင်းကျွတ်ရိုးရာ မီးပုံးအလှများ၊ အမှတ်တရလက်ပစ္စည်းများ ရောင်းသူ/ဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။ ထို့အတူ အလယ်ပစ္စယံနှင့် အထက်ပစ္စယံရင်ပြင်တော်တို့၌လည်း ဘုရားရေသပ္ပါယ်သူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သူများ၊ တရားဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက် ရှိသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီးအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် ပုံမှန်ဖွင့်လှစ်ထားရှိပေးထားပြီး ယခုသီတင်းကျွတ်ကာလတွင် ပြည်မြို့နှင့်အနီးတစ်ဝိုက်ရှိ ဒေသတွင်းပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မြို့အသီးသီးမှ ဘုရားဖူးလာသူများပြားကြောင်း ဂေါပက အဖွဲ့ထံမှ သိရပြီး "ဘုရားဖူးလာသူတွေများတယ်ဗျ မြင်တဲ့အတိုင်းပဲ။ အခါကြီးနေ့ ကြီးလည်းဖြစ်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် ဘုရားဖူး လာများတယ်၊ လာတာကတော့ မြို့ခံတွေကော၊ အခြားမြို့တွေကကောအစုံပဲဟု" ရွှေဆံတော်ဘုရား၌ နေ့/ည ဓာတ်လှေခါး တာဝန်ထမ်းဆောင်သူတစ်ဦးက ပြောသည်။
ထို့အတူ ပြည်ရွှေဆံတော်စေတီမြတ်ကြီးအနီးရှိ ဆယ်ထပ်ကြီးဘုရားအပါအဝင် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများနှင့် ပြည်မြို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးတို့ တွင်လည်း အလားတူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)