ငပု​တောမြို့၌ မဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကျင်းပ

ငပု​တော အောက်တိုဘာ ၁၀

ဧရာဝတီတိုင်း​ဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ  ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို  ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ သိမ်​တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်​တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့​ဆောင်ရွက်ရာတွင်  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှေ့ဆုံးမှပင့်ဆောင်၍ ပင့်သံဃာ ဆရာတော်အရှင်သူမြတ် အပါး (၈၆) ပါးဖြင့် ရှင်ဆပဒရဟန္တာသိမ်​တော်ကြီးမှ စတင်ကာ သိမ်​တော်ကြီး လမ်းတစ်လျှောက် ကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး ​ဒေါ်နီလာထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့သူ/မြို့သားများနှင့် စေတနာရှင်အလှူရှင်များက နဝကမ္မ၊ ဝတ္တုငွေများ၊ ဆွမ်းဆန်တော်၊ ကြက်သွန်၊ ​ကော်ဖီမစ်၊ အချိုရည် မျိုးစုံနှင့် ဆပ်ပြာအပြင် စသည့်လှူဖွယ်ဝတ္ထုအစုစု ပစ္စည်းမျိုးစုံကို မြို့လုံးကျွတ် စည်ကား သိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြသည်။

မဟာပဝါရဏာသိမ်ဆင်း လောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာ အလှူခံကြွရောက်တော်မူနိုင်ရန် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော)