သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

ပခုက္ကူ အောက်တိုဘာ ၉

မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးတို့၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုဒ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့်နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်းတို့ဖြင့် အသီးသီးလာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလတရားနာယူသူများ၊ ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော်ကိုရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းများလှဲလှယ်သူများနှင့် သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းသူများ၊ ငါးအစာ​ကျွေးသူများ၊ ဘုရားဝန်းအတွင်းရောင်းချသည့် စားစရာမုန့်ပဲသရေစာများ ဝယ်ယူစားသောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)