မင်းတုန်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဥသျှစ်ပင်-ကံမ-မင်းတုန်း မဟာ ဓာတ်အားလိုင်း တည်ဆောက်စဉ်က ပျက်စီးသွားသော သီးနှံများအတွက် တောင်သူများအား သီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့သီးနှံလျော်ကြေးငွေများ ပေးအပ်ရာတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး စီမံကိန်း (တောင်ပိုင်း) စီမံကိန်း မန်နေဂျာရုံး(၃) ရွှေတောင်မြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးကျော်ဝေ မှ သီးနှံလျော်ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေကြားပြီး မဟာဓာတ်အားလိုင်း တည်ဆောက်စဉ်တွင် သီးနှံပျက်စီးဆုံးရှုံး နစ်နာသော တောင်သူပေါင်း(၉၅)ဦးအား သီးနှံ လျော်ကြေးငွေ ကျပ်သိန်း တစ်ရာတစ်ဆယ့်ခုနစ်သိန်း ကျော်ကို တောင်သူတစ်ဦးချင်းစီ အားပေးအပ်ခဲ့သည်။
အဆိုပါ သီးနှံလျော်ကြေးငွေ ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးရဲလွင်နှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။
ချင်းကလေး(NRDC)