မင်းဘူး အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ နဂါးပွက်တောင်ဈေးဆိုင်တန်းမှ ဈေးသည်များမှာ ရွှေစက်တော် ဘုရားပွဲတော်ရာတွင် ဈေးရောင်းကောင်းနိုင်ဖို့ မျှော်လင့်ကြောင်း ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသူဈေးသည်များထံမှ သိရသည်။
မင်းဘူး (စကု) မြို့နယ်တွင် တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများ၊ လည်ပတ်လေ့လာစရာ နေရာအများအပြား ရှိသည့်အပြင် ဒေသထွက်ပစ္စည်းများပါ ပေါများသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် လာရောက်အပန်းဖြေ လေ့လာသူများဟာ ရွှေစက်တော်ဘုရားပွဲတော် ရာသီဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် စည်ကားလှသဖြင့် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသူဈေးသည်များလည်း လက်မလည်အောင် ရောင်းချ နေကြရသည်။
ယခုအချိန်တွင် ဘုရားပွဲတော်ရာသီ မရောက်သေးသဖြင့် ဈေးရောင်းအား ကျဆင်းနေပြီဖြစ်ကြောင်း မင်းဘူး (စကု) မြို့နယ်၏ ဒေသထွက်ကုန် ပစ္စည်းများဖြစ်သော ပဲပွကြော်၊ ပဲရွကြော်၊ ပါပလာ၊ လယ်ကိုင်း မရွေး၊ သစ်ဥ၊ သစ်ဖု၊ ဆေးမြစ်များ၊ ဝက်မြေဥနှင့် သနပ်ခါးတုံးများအပြင် ရွှေစက်တော်အမှတ်တရ အင်္ကျီများပါ ရောင်းချသူမလှလှအေးထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)