မြောင်မြို့တွင် ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေးအကြောင်း သိကောင်းစရာ TalkShow ဆောင်ရွက်

မြောင် အောက်တိုဘာ ၈

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်မြို့နယ် အမျိုးသမီးရေးအရာ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ “ကျင့်ဝတ်နှင့်ကိုယ်ရည် ကိုယ်သွေးအကြောင်း သိကောင်းစရာ” TalkShow ဆွေးနွေးမှုကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက (TalkShow) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ “လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ကြိုးစားရာမှာ ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့အတွက်သာမက ဘဲကိုယ်နဲ့လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အနေနှင့် ပါဝင်ကြောင်း၊ လူ့အသိုက်အဝန်းတစ်ခုရဲ့ ဓလေ့စရိုက်နဲ့ယဉ်ကျေးမှုတွေဟာ အရေးပါကြောင်း” ကိုမြို့နယ်ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက ပြောကြားဆွေးနွေးပြီးနောက် မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မီမီကျော်က လူအဖွဲ့အစည်းအတွင်း ကျင့်ဝတ်တွေ လိုက်နာဖို့ အရေးပါသော်လည်း ပြောင်းလဲနေတဲ့ခေတ် အခြေအနေအောက်မှာ ကျင့်ဝတ်တွေရဲ့ အရေးပါမှု၊ လိုက်နာမှုနဲ့တန်ဖိုးထားမှုတွေ လျော့နည်း ကျဆင်းလာတာကိုတွေ့ရပါတယ်၊ ယနေ့ခေတ်မှာသိပ္ပံနဲ့ နည်းပညာ၊ စီးပွားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ ယဉ်ကျေးမှုများဆက်စပ် လာမှုတွေကြောင့် လူတွေရဲ့နေ့စဉ်ဘဝ၊ အလုပ်အကိုင်နှင့် ပြောဆိုဆက်ဆံရာမှာ အရေးပါတဲ့ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေကို လှစ်လျူရှုလာကြပါတာ ကိုတွေ့ရပါတယ်ဟု ပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်သူများတို့ဖြင့် ပူးပေါင်းကာ (TalkShow) ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း အစဉ်ဆက်မပြက် ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)