မုံရွာ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ စုပေါင်း၍ (၇၂)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာပေချစ်မြတ်နိုးသူများ အနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစား တွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် စာပေကောင်းများ ပိုမိုလေ့လာ ဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေး တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အပတ်စဉ် စနေနေ့တိုင်း အစဉ်အမြဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ အေးမင်းထက်နှင့်အတူ တက်ရောက်လာကြသူများမှ ကျွန်တော် ချစ်သော ပန်းခရေနှင့် အခြားကဗျာများ စာအုပ်အား ဦးစွာဆွေးနွေးကြပြီးနောက် သုတ၊ ရသ စာအုပ်စာစောင်များမှ လေ့လာမှတ်သားစရာများနှင့် အတုယူဆောင်ရွက်ရမည့် အသိပညာ အတွေးအခေါ်များကို စုပေါင်း၍ အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြသည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်တို့ကို့ အဓိကအလေးထား၍ ယခုလို စာဖတ်ဝိုင်းများအပြင် ပြပွဲပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)