ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် သင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်း ဆင်းပွဲအား တက်ရောက်

ပုသိမ် အောက်တိုဘာ ‌၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပုသိမ်) အနေဖြင့် အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းစသည်ဖြင့် သင်တန်း စုစုပေါင်း (၂၆) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၁၂၀၀ဦးတို့ကို အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် လူငယ်လူရွယ်များပြားပြီး ယခုကဲ့သို့ သင်တန်းများဖွင့် လှစ်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာပါကြောင်း၊ သင်တန်းနည်းပြများ အုပ်ချုပ်သူများမှ စနစ်တကျ သင်ကြားပြသမှုများကို မမေ့မလျော့ဘဲ ဆည်းပူးလေ့လာ၍ လက်တွေ့ဘဝနယ်ပယ်တွင် မိသားစုဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားကြရမှာဖြစ်ပါကြောင်းနှင့် သင်တန်းကျောင်း ရည်ရွယ်ချက်များကို ကောင်းစွာ သိရှိနားလည်ပြီး မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုနှင့်  သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများ ချုပ်လုပ်ထားရှိသည့် လက်ရာများအား ကြည့်ရှုအားပေးခဲ့သည်။ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းကို သင်တန်းကာလ (၂၂)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသူ ၃၅ ဦးကို သင်တန်းဆင်း ပေးနိုင်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)