ငရုတ်ကောင်းမြို့၊ ကျေးရွာအုပ်စုများ၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငရုတ်ကောင်း အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို‌ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ ကျေးရွာအုပ်စုများ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ရွှေ၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဗညားအောင်နှင့် မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် တင်းချောင်းကျေးရွာအုပ်စု၊ ထန်းတပင် ကျေးရွာ (မူလွန်)ကျောင်းရှိ ကိုယ်ထူကိုယ်ထ ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်အား ကြည့်ရှု့စစ်ဆေးပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အလှူရှင်များ စုပေါင်း၍ ဆန်များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် လူတစ်ဦးလျှင်တစ်ပြည်၊ (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ပြီးနောက် ငရုတ်ကောင်းတောင်ကျေးရွာ ဓမ္မမဉ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့‌နောက် ငရုတ်ကောင်းတောင်ကျေးရွာ (အထက) ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာကျောင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ငရုတ်ကောင်းတောင်ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်း ကျဆင်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည် များအား မေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့အဆင့်ဌာနဆိုင်ရာများသည် အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက စပါးကြီးကျေးရွာအုပ်စု၊ စပါးကြီးကျေးရွာတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုများကို ကြည့်ရှု့အားပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ပြီးနောက် စပါးကြီးကျေးရွာချမ်းမြသာစည် ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများနှင့် တွေ့ဆုံကာ နယ်မြေလုံခြုံရေးကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ နိုင်ငံရေးကိစ္စရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများ ရှိပါက မိမိရပ်ရွာသို့ ပြန်လည်ဝင်ရောက်လာနိုင်ရန် အကူအညီများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ပင်လယ်ကမ်းခြေဒေသများ ဖြစ်သောကြောင့် ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာမှုရှိပါက ဆက်သွယ်ပေးနိုင်ရေး၊ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးအောင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အကြောင်းအသီးသီး ပြောကြားခဲ့ကြရာ ဒေသခံပြည်သူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တံတားများကြံ့ခိုင်မှု အားနည်းနေခြင်းများ၊ ကျေးရွာချင်းဆက် လမ်းများခက်ခဲမှုများ၊ စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမအင်အား လုံလောက်မှုမရှိခြင်းများ၊ ကျေးလက်ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း လိုအပ်မှုစသည်များ တင်ပြကြရာ သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့အဆင့်ဌာနဆိုင်ရာများက ကွင်းဘက် ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စာသင်ကျောင်းများ စစ်ဆေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊‌ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံပြည်သူများမှ ကွင်းဘက်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆရာဝန်လိုအပ်ချက်နှင့် နတ်မော်ကျေးရွာနှင့် ရေကျော်ကျေးရွာချင်းဆက် ကျေးလက်လမ်းသည် နွေရာသီ၌သာ သွားလာရေး ကောင်းမွန်ပြီး မိုးရာသီတွင် သွားလာမှုအဆင်မပြေသောကြောင့် ပင်လယ်ကမ်းခြေ လမ်းကိုသာ အသုံးပြုနေရ၍ ပင်လယ်ရေကျချိန်များ၌သာ သွားလာရ၍ ခရီးကြန့်ကြာမှုများ ရှိကြောင်း အသီးသီးတင်ပြခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)