ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

 

ကျောက်တံခါး  အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာဝန်ခံဆရာမကြီးက ကျောင်းသားကျောက်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ်ကြရန်စသည့်ဖြင့်  အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်က “အလိမ္မာ စာမှာရှိ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က “ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက်လှုပ်ရှား ကစားပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်တင်စန်းက စားသုံးရန်မသင့်သည့် အစားအစာများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအား အသီးသီးဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)