ကန့်ဘလူမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်ပသော ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အပူဇော်ခံ ဆရာကြီး ဆရာမကြီးနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း ဆရာ ဆရာမများတက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသော ဆရာ ဆရာမများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ ကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဦးမျိုးဝင်းနှင့် ဆရာ ဆရာမများက ဆရာကြီး ဆရာမကြီးများအား ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးစောအောင် (အထက- ၁ ကန့်ဘလူ ကျောင်းအုပ်ကြီးငြိမ်း) က ​ဩဝါဒဆုံးမစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသော ဆရာကြီး ဆရာမကြီးများအား နံနက်စာ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူဇော်ကန်တော့ပွဲတွင် အသက် ၇၀ နှစ်နှင့်အထက် ဆရာကြီး ဆရာမကြီးများကို ပူဇော်ကန်တော့ခြင်းဖြစ်ပြီး ကန်တော့ခံ ဆရာကြီး ဆရာမကြီး ၁၁၀ ဦးအနက် အခမ်းအနားသို့ ၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး အခြားမတက်ရောက်နိုင်သူများအား အိမ်တိုင်ရာရောက် ကန်တော့သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းကျော်က ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)