မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် (၃၁)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်ပွဲ ကျင်းပ

မြိတ် အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် (၃၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနှင့် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၌ စတင်ကျင်းပခဲ့သည်။          

အဘိဓမ္မာ(၇)ကျမ်းပါဠိတော် ကောက်နုတ်ချက်ရွတ်ပွားပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို စေတီတော်ဩဝါဒါ စရိယဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား စေတီတော်ဥပါသိကာအဖွဲ့မှ ရှစ်လုံးဘွဲ့ကဗျာဖြင့် ပူဇော်ခဲ့ကြသည်။

 ထိုနောက်  စေတီတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊  အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ၀တ်အသင်းအဖွဲ့များ၊ ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ဘုရားထံမှ အဘိဓမ္မာဒေသနာများ နာယူမှတ်သားခဲ့ကြသည်။

ဆက်လက်၍ စေတီတော် ဩဝါဒါ စရိယဆရာတော်ကြီးများအား စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာသနာ့အဓိဌာန်(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

၁၃၈၄ခုနှစ် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ(၇)ကျမ်းပါဠိတော် ကောက်နုတ်ချက်ရွတ်ပွားပူဇော်ပွဲ ကို သီတင်းကျွတ်လဆန်း(၁၃)ရက်နှင့်(၁၄)ရက်၊ အောက်တိုဘာလ(၇)ရက်မှ(၈)ရက်အထိ အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်များကို မြိတ်ခရိုင်အတွင်းရှိ ဝတ်အသင်းအဖွဲ့ (၁၀၃)ဖွဲ့မှ အလှည့်ကျလာရောက် ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။  

ခိုင်ထူး(ပြန်/ဆက်)