စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကို ဆေးကုသပေးနေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ဘုတလင်   စက်တင်ဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် တာဝန်ရှိသူများသည် ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကို ဆေးကုသ ပေးနေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၏ လက်ရှိကျန်းမာရေးအခြေအနေ၊ သီးသန့် အဆောင်တွင် ထားရှိမှုနှင့် ဆေးကုသပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်းက Mask များ၊ PPE ဝတ်စုံများနှင့် Hand Gel ဘူးများကို ပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များအား ဘုတလင်မြို့ နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြရန် တွေ့ဆုံ မှာကြားခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)