ဒေးဒရဲ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများကို မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) လည်ပတ် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာလှိုင်ဘုန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေးနည်းလမ်းများ ဖြန့်ဝေပေးမည့် အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့နောက် ဆီထွက်သီးနှံစိုက်ပျိုးမည့် တော်ဖရုံကျေးရွာနှင့် တော်ကမယ် ကျေးရွာများက ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖွဲ့ဝင်များသို့ စီမံကိန်းရန်ပုံငွေကျပ် (၁၀၀) သိန်းစီအား တာဝန်ရှိသူ များက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဒေးဒရဲမြို့နယ်တွင် ဒေသတွင်းစာသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဧက (၃၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း