ဘားအံ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဘားအံ) ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နယ်ဝေးသင်တန်းသူများကို အဆောင်နေခွင့်နှင့် နေ့စဉ်စားသောက်စရိတ်ထောက်ပံ့ပေးသည့်အပြင် အသွား/အပြန် ခရီးစရိတ် များ၊ ထူးချွန်သင်တန်းသူအား အပ်ချုပ်စက် (၁) စုံချီးမြှင့်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းပြု နိုင်ရန် အပ်ချုပ်စက်များကိုလည်း အရစ်ကျ (၁၀) ရစ် ငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ) အနေဖြင့် စုစုပေါင်းသင်တန်းသူ ၂၉၆၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်သူ ၁၂၅၅ ဦးရှိကြောင်း၊ သင်တန်းဆင်းသင်တန်းသူများအနေဖြင့် အိမ်တွင်းမှုသက်မွေးပညာရပ်များကို တန်ဖိုးထားပြီး ခေတ်နှင့်လျော်ညီသည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး တီထွင်ဖန်တီးကြပြီး မိမိဘဝ အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဘားအံ) ကျောင်းအုပ် ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းထူးချွန် ပထမဆုရရှိသူအား အပ်ချုပ်စက် (၁) စုံကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ထူးချွန်သင်တန်းသူများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသူ ၃၅ ဦးက ရက်သတ္တပတ် ၂၂ ပတ်ကြာ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်ဘာသာရပ်များကို သင်ကြားပြီးမြှောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းသင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ် ထားသော အဝတ်အထည်ဒီဇိုင်းလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယနေ့နံနက်ပိုင်း တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၄)ကို သင်တန်းသူ (၃၀) ဦးဖြင့် သင်တန်းဆင်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)