ကျွန်းလှ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူများ မြေဩဇာ စနစ်တကျ အချိုးကျ သုံးစွဲတတ်ရန်ရည်ရွယ်၍ မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆၊ တောင်သူ ဦးနိုင်၏ မိုးစပါးမျိုးစေ့ထုတ်ကွက် (၂) ဧက၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စနစ်တကျ အချိုးညီရောနှော အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို တောင်သူများအားရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစိုက်ခင်းအတွင်း မြေဩဇာစုပေါင်းကြဲပက်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧကစိုက်ပျိုးပြီး၊ မျိုးစေ့ထုတ်ကွက် ဧက ၂၀၀နှင့် တစ်ဧက တင်းတစ်ရာထွက်ရှိရေးစံပြကွက် ဧက ၂၀ စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ