ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေး နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

ပဲခူး အောက်တိုဘာ ၇

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေကြာသီးနှံစိုက်ဧက ပြည့်မီရေးအတွက် နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲနှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးခရိုင်အတွင်း ဆီထွက်နေကြာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ် စိုက်ပျိုးရေးကြီကြပ်မှုအဖွဲ့များအနေဖြင့် စိုက်ဧကပြည့်မီရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နှင့် ခရိုင်/ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အစီအစဉ်များဖြင့် စုဆောင်းထားသော မျိုးစေ့များကို တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရန် လိုအပ်ကြောင်း၊ နေကြာသီးနှံအတွက် ရရှိလာမည့် သွင်းအားစုများကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသူတောင်သူများ အကျိုးကို ရှေးရှု၍ နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းရေးကိုလည်း အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နေကြာသီးနှံ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ဖြန့်ဖြူးပေးထားသော နေရောင်ခြည်စွမ်းအင်သုံး ရေတင်စက်(Solar Pump) များကိုလည်း အကျိုးရှိ မျှတစွာ အသုံးပြုကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်းက နေကြာသီးနှံစိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများက ပဲခူးခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အသီးသီးသို့ နေကြာမျိုးစေ့များ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပဲခူးခရိုင်အတွင်း နေကြာသီးနှံ(၅၆၃၂)ဧကအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် နေကြာမျိုးစေ့(၁၈၄၅)ဧကစာ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အစီအစဉ်ဖြင့် (၁၃၀၀)ဧကစာ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့အစီအစဉ်ဖြင့် (၂၈၄၇)ဧကစာ စုဆောင်းထားသော မျိုးစေ့များအား မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)