ဖျာပုံ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက် သည့် ကမ္ဘာ့ဆရာများနေ့ (World Teachers Day) အထိမ်း အမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့၊ အထက -၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ဖျာပုံမြို့၊ အထက -၁ ကျောင်းမှ ကျောင်းသူကလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ (World Teachers Day)ဆောင်ပုဒ်ဖြစ်သော "ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများနှင့် အစပြု" ဟူသော ဆောင်ပုဒ်နှင့် အညီ ဆရာများအနေဖြင့် ခင်ပွန်းကြီး (၁၀)ပါးတွင် တစ်ပါးအပါ အဝင်ဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာ၊ ကရုဏာ စသော နာ(၃)နာကို အရင်းခံကာ သင်ကြား ပေးသူများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်မြောက်အောင် သင်ကြားပြုစု ပျိုးထောင် ပေးရုံသာမက ယုံကြည်ချက်၊ ခံယူချက်မလွဲမှားစေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးသူများဖြစ် ကြောင်း၊ ဆရာများသည် တပည့်များကို စာတတ်မြောက်အောင် သင်ကြားပေးရုံသာမက ကျောင်းသား၊ ကျောင်းသူများအား ပြုပြင်လမ်းပြပေးသူများလည်းဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်အတွက် ဘက်စုံထူးချွန် ထက်မြက်သော နိုင်ငံတော်မှ အားထားရသော လူငယ်မောင်မယ်များ ပေါ်ထွန်းလာ မည်ဖြစ်ပါကြောင်း၊ အလေးထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ (World Teachers Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ အား ခရိုင်ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး မြို့နယ်အတွင်းရှိ အသက် (၇၀)နှစ်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများ ဖြင့်ပူဇော်ကန်တော့ကြရာ ကန်တော့ခံ ဆရာကြီး၊ ဆရာ မကြီးများ ကိုယ်စား ဆရာမကြီး တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြ ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)