ကြို့ပင်ကောက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာဒုတ်ဆွမ်းအလှူပွဲများကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များကို မဟာဒုတ်ဆွမ်းအလှူရှင်များကပင့်ဖိတ်ကာ မဟာဒုတ်ဆွမ်းအလှူပွဲများကို အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဟာဒုတ်ဆွမ်းအလှူပွဲများကို ဝါဆိုရိပ်သာဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးဝိမလ ဦးဆောင်၍ယခုနှစ်တွင် ရပ်ကွက်သုံးရပ်ကွက်အတွင်းရှိ လမ်း(၁၃)လမ်းတွင် စတုတ္ထအကြိမ်မြောက် ကျင်းပြုလုပ်ခြင်းဖြစ်ကြောင်း စုစုပေါင်းသံဃာအပါး ၉၈ ပါးအား အောက်တိုဘာလ ၃ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ နေ့စဉ်အလှူရှင်မိသားစုများက မဟာဒုတ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလှူရှင်တစ်ဦးက ‘‘မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ မဟာဒုတ်ဆွမ်းလှူရတာ ကျေနပ်ပီတိဖြစ်ပြီးစိတ်လည်းချမ်းသာတယ် နှစ်စဉ်အခုလိုသီတင်းကျွတ်လမှာ အိမ်ပေါက်စေ့ အလှူပွဲတွေကျင်းပနေတာ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်လို့ ဝမ်းသာဂုဏ်ယူမိတယ်’’ ဟု ဝမ်းသာအားရပြောကြားသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)