ထားဝယ် အောက်တိုဘာ ၇
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်သူများသက်သာချောင်ချိသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ဈေးကားများဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ အာဇာနည်လမ်း၊ စည်ပင်သာယာ ဈေးကြီးအရှေ့ တွင် စားသုံးဆီများကို အများပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးကွက် အတွင်း စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှု မရှိစေရေးအတွက် ထားဝယ်ခရိုင်စားအုန်းဆီ လက်လီဈေးကားဖြင့် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)