ပခုက္ကူ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက “သင်တန်းကျောင်းကသင်ကြားပို့ချပေးလိုက်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းမှာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်တစ်ခုဖြစ်သည့်အပြင် မိမိနှင့်မိသားစုစားဝတ်နေရေးအတွက် အကျိုးပြုဖြစ်ထွန်းမည့် အတတ်ပညာရပ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာထွန်းကားကျယ်ပြန့်လာသည့်နှင့်အမျှခေတ်နှင့်အညီ အဝတ်အထည်ဒီဇိုင်းများဖန်တီး ပုံဖော်နိုင်ရေးဆက်လက်ကြိုးစားလုပ်ကိုင်ကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က “သင်တန်းတွင်ပို့ချပေးမည့်စက်ချုပ်နည်းပညာများ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းအမျိုးအမည်နှင့်အရေအတွက်များ၊ အသက်မွေးကျောင်း အထောက်အကူပြုလုပ်ငန်းတစ်ခုအဖြစ် ကိုယ်ပိုင်တည်ဆောက်လုပ်ကိုင်နေကြသည့် သင်တန်းဆင်းများအခြေအနေများ” အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၄)သင်တန်းထူးချွန်ဆုရရှိသူနှင့် သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြပြီး သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ သင်တန်းသူများကိုယ် တိုင်ဖန်တီးပုံဖော်ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့်လူသုံးကုန်ပစ္စည်းဒီဇိုင်းမျိုးစုံတို့ကို လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ(၃၅)ဦးတက်ရောက်ခဲ့ကြပြီး သားရေကြိုးအားကစားဘောင်ဘီ၊ ဘလောက်စ်အင်္ကျီအမျိုးမျိုး၊ ယူနီဖောင်း (အင်္ကျီနှင့်ဘောင်ဘီ)၊ တစ်ထပ်ကုပ်အင်္ကျီ၊ လည်ဂတုံးရှပ်လက်တို၊ မြန်မာသတိုးသမီးဝတ်စုံစသည့် စက်ချုပ်နည်းဘာသာရပ်များကို ၂၀၂၂ခုနှစ်၊ မေလ(၉)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ သင်တန်းကာလ(၅)လကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ ဆက်)