လိပ်သို အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ကဗျာရွတ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့ နေ့လယ် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးမှ မြို့ဦးစီးမှူးဒေါ်နွယ်နွယ်ခိုင်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့် နေရာ၊ ပညာဗဟု သုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူလတန်း အဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကလေး ငယ်များ စုစုပေါင်း (၁၁) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)