စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့(၁)မှ ဒေသဖွံ့ဖြိုး​တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကျောင်းကုန်း အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လက်ပန်ချောင်အုပ်စု၊ သဲဗွက်ကျေးရွာရှိ တောရရိပ်သာ ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင် (၂)ဦးတင်မောင်တို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းမှ အဖွဲ့(၁) သည် လက်ပန်ချောင်အုပ်စုရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင် (၅၅)ဦးနှင့် ဒေသခံပြည်သူ (၂၇၆)ဦး၊ စုစုပေါင်း(၃၃၁)ဦးတို့နှင့် တွေ့ဆုံ၍ လက်ပန်ချောင်ကျေးရွာနေ ပြည်သူများအား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးပြောကြားပြီး စားသုံးဆီဖူလုံစေရေး နေကြာကို စိုက်ပျိုးကြဖို့လို ကြောင်း ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/ မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါ သော ဦးထုပ်များဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပိုမစီးစေရေး စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီအချိန်ထိ ဒေသန္တရအမိန့်ထုတ်ပြန် ထားကြောင်း အသိပညာပေး ဟောပြော ခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် သိရှိလိုသည်များ မေမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းထိုင်ဆရာတော်အား ဆွမ်းဆန်တော်(၁)အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)