တနင်္သာရီ၊ စက်တင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်း မကျန်ရှိစေရေးအတွက် (ပထမ)အကြိမ်၊ မဲဆန္ဒရှင်စာရင်းများအရ ရပ်ကွက်/ကျေးရွာများအထိ အိမ်တိုင်ရာရောက်ကွင်းဆင်းပြုစုကြရာတွင် (ပထမ)အကြိမ်၊ မဲဆန္ဒရှင်စာရင်း (၇၉၀၀၀)ကျော်ရှိရာမှ ယခုအခါ စက်တင်ဘာလ ၁၆ ရက်နေ့အထိ (၈၁၀၀၀) ကျော်အထိ မဲဆန္ဒရှင်စာရင်း ဦးရေ (၂၀၀၀) ကျော် တိုးလာကြောင်း သိရှိရသည်။
ယခုလက်ရှိတွင် ပုံစံ(၃)ဖြင့်မဲ စာရင်းထပ်တိုးဖြည့်စွက်ခြင်း၊ ပုံစံ(၄)ဖြင့် ကန့်ကွက်ပယ်ဖျက်ခြင်းနှင့် ပုံစံ(၄/ဂ)ဖြင့် အချက်အလက်ပြင်ဆင်ခြင်းများကို မြို့နယ်အထွေထွေရွေး ကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးအတွင်း မြို့နယ် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း)များက မဲစာရင်းများမှန်ကန်စွာဖြင့် ဒုတိယအကြိမ် ကပ်ထား ကြေညာပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ စုစုပေါင်း (၂၆) ခုတွင် မဲရုံစုစုပေါင်း (၉၈) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)