ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်

ကော့ကရိတ် အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေအရာရှိတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးအလုပ်သမား ပပျောက်ရေး ပြဌာန်းထားသည့် ဥပဒေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

ထိုနောက် ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းက၊ ကလေးအလုပ်သမား၏ အဓိပ္ပယ်၊ ကလေးနှင့် လူငယ်ကို ဥပဒေအရ အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ ကလေးသူငယ်အလုပ်သမားခိုင်းစေမှုနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားများ၏ အသက်ခွင့်ပြုချက်များ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ကလေးသူငယ်အား စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်ကိုင်နိုင်ရေးပြဌာန်းထားသည့် ဥပဒေများ၊ ကလေးအလုပ်သမားများ ဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ပါက အရေးယူ နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ အစရှိသည့် ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ခင်မျိုးဝင်း (ပြန်ဆက်)