စေတုတ္တရာ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် (တတိယအကြိမ်) ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စိုက်ပျိုးထုတ်လုပ်မှုစရိတ် (တတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် (Social Distancing) စနစ်ဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထုတ်လုပ်မှုစရိတ် (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးရွာ အုပ်စု (၆)အုပ်စုမှ မျိုးစေ့ထုတ်စိုက်ပျိုးသည့် အကျိုးဆောင် တောင်သူ(၈၀)ဦးနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းအား မျိုးစေ့ထုတ်စိုက်ဧက (၁၀၀)ဧကအတွက် မျိုးကွဲနှုတ်ပယ်ခအနေဖြင့် (၁)ဧကလျှင် ငွေကျပ်(၅)သောင်းနှုန်း၊ ရိတ်သိမ်းခအတွက် (၁)ဧကလျှင် ငွေကျပ် (၁) သောင်းခွဲနှုန်း စုစုပေါင်း ငွေကျပ်(၆၅)သိန်းအား တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် စေတုတ္တရာမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက် ဧက(၁၀၀) အတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် စုစုပေါင်း ငွေကျပ် (၁၄၉) သိန်း လေးသောင်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)