ငဖဲမြို့နယ် ကံသာကျေးရွာ(အ.မ.က)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

ငဖဲ  အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ကံသာကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်မော်မော်က အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ နေ့ထူးနေ့မြတ်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မိတ်ဆွေကောင်း ပုံပြင်ကို ကျောင်းသားကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး မှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)