သဲကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအရောက် လစဉ်တစ်လလျှင်(၁၀)ရွာရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် သပြေလှအုပ်စု သိုက်တောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့်အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန်နှင့် နည်းစနစ်များမျှဝေပေးနိုင်ရန် ယခုလိုဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်လွှာများပေးအပ်ခဲ့ပြီး အုပ်စုအတွင်းရှိ ပြည်သူများအားကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆီးချိုသွေးချိုစစ်ခြင်း၊သွေးပေါင်ချိန်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်