စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်  စက်မှုဇုန်အမှတ်(၈)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား၊ စက်မှုဇုန်အတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အဆို၊အက၊ အရေး၊ အတီး အဖွဲ့ဝင်များအား သွားရောက်အားပေးကြည့်ရှု

မုံရွာ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စက်မှုဇုန် အမှတ်(၈)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြ/ ကျေးလက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် လမ်းများကောင်းမွန်မှုသည်လည်း အဓိကလုပ်ငန်း တာဝန်ကြီး တစ်ရပ်ဖြစ်ပါကြောင်း၊ လမ်းများကောင်းမွန်တာနှင့်အမျှ ပြည်သူများ သွားလာရေး လွယ်ကူ၍ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားရေးကို အထောက်အကူကောင်း ဖြစ်စေမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် လမ်းသည် အမှတ်(၃)ခရိုင်ချင်းဆက်လမ်းနှင့် ပေါင်းကူး ဆက်သွယ်လို့ရသည့် လမ်းဖြစ်သလို ကျောက်တာ-ရေခါး-စစ်ကိုင်းတောင်ရိုးလမ်း၊ စစ်ကိုင်း-ရွှေဘို-မုံရွာ လမ်းမကြီးတို့နှင့်လည်း အချိန်တိုအတွင်း ဆက်သွယ်သွားလာလို့ရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ လမ်းများအဆင့်အတန်းမြင့်စွာ ကောင်းမွန်စေရေးနှင့် စက်မှုဇုန်ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူ ချောမွေ့လျင်မြန်လာစေပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေမှာဖြစ်ပါကြောင်း၊ ယခုလို ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မြို့ပြဧရိယာကျယ်ပြန့်လာပြီး စက်မှုဇုန်တိုးချဲ့လာနိုင်သည်နှင့်အမျှ နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပြည်သူလူထုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းစက်မှုဇုန် လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်က ကွန်ကရစ်လမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်တို့က စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင် ရွက်သည့် ပတ္တမြားရပ်ကွက် စက်မှုဇုန်(၈)လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များအား ပေးအပ်ကြပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင်ရွက်သည့် ပတ္တမြားရပ်ကွက် စက်မှုဇုန်(၈)လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်သည် အရှည်-  ၄၉၅၀ ပေ၊ အကျယ်- ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းဖြစ်ပြီး တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ ဘိလပ်မြေ- ၁၁၀၀၀ အိတ်၊ စက်မှုလုပ်ငန်းရှင်များမှ ထည့်ဝင်ငွေ ကျပ်- ၁၁၀  သန်း၊ စုစုပေါင်းကုန်ကျငွေကျပ်- ၁၈၇ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ Blue Bird ပလပ်စတစ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ လူသုံးကုန် ပလပ်စတစ်အမျိုးမျိုး ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီ အရည်အသွေးပြည့်မီရေး၊ ဈေးနှုန်းသင့်တင့်စွာဖြင့် ပြည်သူများ အသုံးပြုစေနိုင်ရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေမြန်မာ သံရည်ကျိုနှင့် သံနန်းဆွဲစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သံနန်းဆိုဒ်အမျိုးမျိုး ထုတ်လုပ်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်း၌ စခန်းသွင်းစုဖွဲ့လေ့ကျင့် လျက်ရှိသည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အနုပညာရှင်များနှင့် ဝါသနာရှင်များ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။