ဘိုကလေး အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ ယခုလ အောက်တိုဘာလ အတွင်းတွင် မိချောင်းကိုက်ခံရသူ(၂)ဦးရှိ၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အောက်တိုဘာ(၅)ရက်နေ့ နေ့လယ်(၂)နာရီတွင် ကာယကံရှင်များ၏ မိသားစု လက်ဝယ်အရောက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ ရှေ့မှောက်တွင် ဆေးဝါးကုသစရိတ် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာ၊ နှာကြီးအရပ်နေ (၉)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ တစ်ဦးဖြစ်သူ မစံပယ်မိုးသည် အောက်တိုဘာ(၃)ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်မှ စာသင်ကျောင်း သို့ သွားရန် လှေပေါ်သို့ လှမ်းတက်စဉ် ချောင်းအတွင်းမှ မိချောင်းကိုက်ခံရသဖြင့် ခြေသလုံးတွင် ဒဏ်ရာရခဲ့ ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ စစ်ဆေးရာ အခင်းဖြစ်ပွားသည့် ချောင်းအတွင်း၌ မိချောင်းသိုက်ရှိနေသဖြင့် ၎င်းချောင်းအတွင်းတွင် နေထိုင်သူများအား မိချောင်းအန္တရာယ် သတိပေးနှိုးဆော်ချက် များ ကြေငြာဆောင်ရွက်ခဲ့သည်။
၎င်းအပြင် နောက်တစ်ဦးသည် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူကျေးရွာနေ ကျပန်း လုပ်ကိုင်သည့် အသက်(၃၀)အရွယ် ဦးအောင်စိုးလှိုင်သည် အောက်တိုဘာ(၁) ရက်နေ့က ဇီးဖြူချောင်းအတွင်း ဂဏန်းထောင်နေစဉ် မိချောင်းကိုက်ခံရသဖြင့် ညာခြေထောက်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ သည်။
အဆိုပါ မိချောင်းကိုက်ခံရသူ(၂)ဦး၏ အခြေအနေများနှင့် ဖြစ်စဉ်များအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများထံသို့ တင်ပြဆောင်ရွက်ခဲ့သဖြင့် မိချောင်းကိုက်ခံရသူများအတွက် ဆေးဝါးကုသစရိတ်အဖြစ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် (၅)သောင်း စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)