လပွတ္တာမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

လပွတ္တာ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို လပွတ္တာ​မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့ နေ့လယ် ၁နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းထိုက်က အချိန်စေ့လွန်ကြွေးကျန်များ ထိရောက်စွာ ကျဆင်းရေး၊ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး ကာလနှင့် ပြန်ဆပ်ရမည့် ကာလများ၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေ ဆိုင်ရာ ဖြေလျော့ဆောင်ရွက်မှုအခြေအနေ၊ ချေးငွေကျန်များဖြစ်ပေါ်ရသည့် အကြောင်း အရင်း များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လပွတ္တာခရိုင်ဘဏ်မှ ယာယီခရိုင် မန်နေဂျာက ဘဏ်ခွဲ၏ ထုတ်ချေးရေး၊ ကောက်ခံရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အစည်းအဝေးသို့ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူစုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)