ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ဆိပ်ဖြူ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စိုက်ပျိုးမြေပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံကို ကိုင်းစိုက်ပျိုးမြေ၌ ကြက်သွန်နီ၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်းတို့ကိုလည်းကောင်း၊ ပဲမျိုးစုံနှင့် ငြုပ်၊ ခရမ်းတိုကို ဒေသဝမ်းစာဖူလုံရေး ၊မိသားစုဝင်ငွေတိုးပွားစွာရရှိရေးအတွက် နှစ်စဉ် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။

ဆောင်းသီးနှံကို နှစ်စဉ်တော်သလင်းလပြည့်ကျော်လျှင် စတင်ထွန်ယက်မြေမြင်စိုက်ပျိုးဆောင်ရွက် ကြသော်လည်း ယခုနှစ်မိုးနှောင်းကာလတွင် မိုးရွာသွန်းမှုများပြီး မြေအစိုဓာတ်များခြင်းတို့ကြောင့် သီတင်းကျွတ်လဆန်းပိုင်းမှ ဆောင်သီးနှံ စိုက်ပျိုးစိုက်ပျိုးနိုင်ရေး မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ကြောင်း၊ သီတင်းကျွတ်လပြည့်ရက်ဝန်းကျင်ကာလ၌ မိုးဆက်လက်ရွာသွန်းခြင်းမရှိလျှင် သီတင်းကျွတ်လပြည့်ကျော်ရက်များတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းသီးနှံကို တောင်သူများက ဆီထွက်သီးနှံနေကြာကို စားသုံးဆီဖူလုံစေရေးအတွက် တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်မှုအောင်မြင်ဖြစ်ထွန်းစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် နေကြာမျိုးကောင်း မျိုးသန့်များကို မှာယူချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ယူရီးယား ဓာတ်မြေဩဇာတစ်အိတ်လျှင် ၃၅၀၀၀ ကျပ် နှုန်းဖြင့်ဖြန့်ချိပေးခြင်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ ပံ့ပိုးကူညီပေးခြင်းနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် (ဆီထွက်သီးနှံ) စိုက်ပျိုးတောင်သူများအတွက် အရင်းမပပျောက် မတည်ရန်ပုံငွေများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများထံမှ ပြောကြားသိရသည်။           

ကိုဇွဲ(အညာမြေ)