ဝါးခယ်မ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးပွဲကို ပြုလုပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရာတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ မေးခိုင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများကို လစဉ်ထိုးနှံပေးရန်၊ ခွေးရူပြန်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ခွေးများနှင့်ကြောင်များကို ကာကွယ်ဆေးများ ထိုးနှံကြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်းများဖြင့်လည်းကောင်း၊ အသိပညာပေးနှိုးဆော်ခြင်းများ ဖြင့်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းများ၊ ဟောပြောခြင်းများကို နယ်မြေဒေသအလိုက် အသိပညာပေးလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)