နောင်မွန်မြို့နယ်၌ ရွေးကောက်ပွဲကာလအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နောင်မွန် စက်တင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် လုံမောင်ခန်းမ၌ စက်တင်ဘာ(၁၅)ရက်နေ့ နံနက် ၁၀ နာရီခန့်က ရွေးကောက်ပွဲ ကာလအတွင်း  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်နိုင်ဆင်ရမ်မှ ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာသွားရန် မှာကြားခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု အဖွဲ့ခေါင်းဆောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုးမှ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီ၏လုပ်ငန်း တာဝန်များ၊ ရွေးကောက်ပွဲ မကျင်းပမီကာလတွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ လုံခြုံစိတ်ချရသော မဲပေးခြင်းနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းလမ်းညွှန်အား ပြည်သူလူထုမှ သိရှိလိုက်နာ ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်အား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်မှ သင်တန်းပေးရာတွင် ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်အလက်များအား ပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလတွင်လည်း မဲရုံနှင့်မဲရုံသုံးပစ္စည်းများအား ရွေးကောက်ပွဲ မကျင်းပမီ အကြိုတစ်ရက်နှင့် ကျင်းပပြီး နောက်တစ်နေ့တွင် ပိုးသန့်စင်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ဆက်စပ်၍ ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ လှည့်လည် မဲဆွယ် စည်းရုံးရာတွင် လိုက်နာရမည့် အချက်များ၊ ပြင်ပနေရာအဆောက်အဦများအတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ မဲဆွယ် စည်းရုံးရန်လည်း ပြောကြားခဲ့သည်။

အဆိုပါ(ကိုဗစ်-၁၉) ကာကွယ်ရေး နည်းလမ်းပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ခွဲဝင်များအား ကမ္ဘာတစ်ဝှမ်းတွင် ယနေ့အထိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ အခြေအနေကိုလည်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)