တောင်ငူ၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

တောင်ငူ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မွေးကင်းစအရွယ်မှ အသက်တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အမှတ် ၁၇ ရပ်ကွက် ဒေသန္တကျန်းမာရေးဆေးပေးခန်းတွင် ယနေ့နံနက် ၉ နာရီမှ ၂ နာရီအချိန်အထိ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့​ကြောင်း သိရသည်။

ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ဆောင်ရွက်ရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ)ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)(တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)(တတိယ)ကိုလည်းကောင်း၊ အသက်(၉)လအရွယ်ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ)ကာကွယ်ဆေးနှင့် အသက်(၁)နှစ်ခွဲကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)(စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

ခရိုင်(ပြန်/ဆက်)