ပြည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်း (၃)ရက်ကြာဖွင့်လှစ်မည်

ပြည်  စက်တင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို အ-ထ-က(၁)၊ အ-ထ-က(ခွဲ)လ(၂)နှင့် အ-ထ-က(၄)တို့၌  စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင် ပြည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်ကြီးများ အပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၆၉)အုပ်စုမှ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွာမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ၊ ကြိုတင်မဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန် ကြေညာခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း စသည့်ကြောင်းအရာများ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)