ငပုတော အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day) အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ငပုတောမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(နဝရတ်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ၍ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆို၍ စတင်ဖွင့်လှစ်ပြီး နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ဆရာများသည်၊ ခင်ပွန်းကြီး (၁၀)ပါးတွင်တစ်ပါး အပါအဝင်ဖြစ်ကြောင်း စေတနာ၊ ဝါသနာ၊ ဂရုနာစသည့် နာ (၃)နာကို အရင်းခံကာ သင်ကြားပေးသူများ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပညာတက်မြောက်အောင် သင်ကြားပြုစု ပျိုးထောင်ပေးရုံ သာမက ယုံကြည်ချက်၊ ခံယူချက် မလွဲမှားစေရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးသူများဖြစ် ကြောင်း၊ ဆရာများသည် တပည့်များကို စာတက်အောင် သင်ကြားပေးရုံသာမက ကျောင်းသား၊ ၊ကျောင်းသူများအား ပြုပြင်လမ်းပြပေးသူများလည်းဖြစ်ကြောင်း သို့မှသာ တိုင်းပြည်အတွက် ဘက်စုံထူးချွန်ထက်မြက်သော လူငယ် မောင်မယ်များပေါ်ထွန်းလာမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုတာဘာလ ၅ ရက်နေ့ “ကမ္ဘာ့ဆရာ များနေ့” ဆောင်ပုဒ်မှာ “ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများနှင့်အစပြု”ဟူသည့်အတိုင်း ထူးချွန်ထက်မြက် သည့် လူငယ်မောင်မယ် များ ဖြစ်လာစေရေးအတွက် အလေးထား ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး(ကိုယ်စား) ဒုတိယ မြို့နယ်ပညာရေးမှူး ဆရာဦးနိုင်လင်းက ကမ္ဘာ့ဆရာများ နေ့ ဖြစ်ပေါ်လာပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊နှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး အခမ်းအနား ပထမပိုင်းကို ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ဖိတ်ကြားထားသော အငြိမ်းစားဆရာ၊ ဆရာမကြီး (၄၈) ဦးအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး များ (ကိုယ်စား) အငြိမ်းစား ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည့်မြင့်မှ သြဝါဒစကား ပြောကြားခဲ့သည်။ ထို့နောက် တပည့်များ၏ (ကိုယ်စား) မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကျင်အေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နောက် တပည့်ဆရာ၊ ဆရာမများ က နှုတ်ဆက်ကန်တော့ သီချင်းဖြင့် ဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
အောင်သူ (ငပုတော)